အချိန်က ၂၀၀၈ခုနှစ်၊ မေလ ၂ ရက်နေ့ ည ၂ နာရီဖြစ်သည်။ မေလ ၁၀ ရက်နေ့မှာဖြေဆိုရမယ့် TOEFL စာမေးပွဲက အရမ်းနီးနေပြီဆိုတော့ study time ကညတိုင်းသန်းကောင်ကျော်လေ့ရှိသည်။ ဒီညလဲ သန်းကောင်ကျော်ဦးမယ်ဟုတွေးကာပြတင်းပေါက်နဲ့အနီးဆုံးလျှပ်စစ်မီးအလင်းရောင်အကောင်းဆုံးနေရာကို
စာကြည့်ဖို့ရွေးလိုက်သည်။ အဖေနဲ့အကိုကတော့ရုပ်ရှင်ကြည့်လို့ကောင်းနေပုံရပြီး နှစ်ယောက်စလုံး ငြိမ်ချက်သားကောင်းနေကြသည်။ ဒီလိုနဲ့ သန်းခေါင်ကျော် ၂ နာရီလောက်ဖြစ်မည်ထင်သည် ၊ လေပြင်းတိုက်သံတွေတဖြည်းဖြည်းကျယ်လောင်လာပြီး ကျမစိတ်ထဲမှာလဲတမျိုးကြီးခံစားလာရသည်။ သြော် သတိရပြီ ၊နားစွင်နားဖျားကြားထားတဲ့ သတင်းအရ ဒီညမုန်တိုင်းရှိမယ်တဲ့၊ ခါတိုင်းမုန်တိုင်းတွေလိုပဲ လေအနည်းငယ်တိုက်တာဖြစ်မှာပါဟု သာမန်ကာရှန်ကာပဲ တွေးလိုက်ပြီး စာထဲကိုအာရုံပြန်စုစည်းလိုက်သည်။ လေတိုးသံက ကျယ်သထက်ပိုကျယ်လာနေသည် ၊ စာမေးပွဲဇောကပ်နေတဲ့အတွက် သိပ်အာရုံမထားတော့ပဲ အဖေနဲ့အကို့ ကိုသာအကဲခတ်သလိုတချက်ကြည့်မိလိုက်တယ်။ သူတို့ကတော့ဘာမှမဖြစ်သလိုပါပဲ၊ ရုပ်ရှင်အတော်ကောင်းနေသောကြာင့်ဖြစ်မည်။ ပို၍စိတ်ချသလိုခံစားလိုက်ရပြီး စာပြန်ကြည့်ဖို့ကြိုးစားလိုက်သည်။
ခဏအကြာမှာ၊ပြတင်းပေါက်တွေသေချာသော့ခတ်ထားလားစစ်လိုက်ဦးဆိုပြီးအဖေကလှမ်းအော်တော့ time နဲ့ practice လုပ်နေတဲ့ sample exam မမှီမှာစိုး၍မြန်မြန်ထစစ်လိုက်တယ်။ ဒီလိုနဲ့ သန်းကောင်၂ နာရီခွဲအကျော်လောက်မှာတော့ အပြင်ကလေတိုးသံက စာထဲမှာဆက်ပြီးအာရုံစိုက်လို့မရလောက်အောင်ထိ ကျယ်လောင်သောင်းကျန်းနေပြီ။ ဝှေ့ဝှေ့ပြီး တိုက်တဲ့အခါမှာဖြစ်ပေါ်လာတဲ့ ကြောက်ဖို့ကောင်းတဲ့လေ သံက ကျွန်မတစ်သက်မှာတစ်ခါမှမကြားဖူးတဲ့အသံ။ မင်သက်စွာနဲ့နားထောင်နေရင်းပင်ကျောချမ်းလာသည်။ ပြတင်းပေါက်နားမှာဆက်မထိုင်ရဲတော့ပဲ အကိုနဲ့အဖေကြားမှာဝင်ထိုင်လိုက်တယ်၊ စာဖတ်တာကိုရပ်ပြီးလေသံတွေကိုအံ့သြစွာနားထောင်ရင်း ရုတ်တရတ်ဆိုသလို ကျွန်မစိတ်ထဲမှာ ထူးဆန်းတဲ့ခံစားချက်တခုဝင်လာတယ်။ အခုဖြစ်နေတဲ့အဖြစ်အပျက်က တကမ္ဘာလုံးသိလောက်တဲ့အထိများ ပြင်းထန်သွားမလားမသိဘူးဆိုပြီးလဲတွေးလိုက်မိတယ်။ သက်ပြင်းတချက်ချ ခေါင်းတချက်ရမ်းလိုက်ပြီ စာပြန်ကြည့်ဖို့ကြိုးစားလိုက်တယ်။ ရုပ်ရှင်ပြီးလို့ အကိုနဲ့အဖေကအိပ်ရာဝင်ဖို့ပြင်နေတဲ့အချိန်မှာ ကျမလဲနောက်ထပ် sample တခုကို practice လုပ်ဖို့ပြင်ဆင်လိုက်တယ်။ ဒါပေမဲ့ အဖေဆီက သြဇာပါတဲ့ အမိန့်ပေးသံကိုကြားလိုက်ရတယ်၊သွားအိပ်တော့အရမ်းမိုးချူပ်နေပြီတဲ့။ ခါတိုင်းဆိုရင် ဘယ်လောက်ပဲဆူညံဆူညံ အိပ်လိုက်တာနဲ့ ၁၅ မိနစ်အတွင်းမှာအိပ်ပျော်ပြီးသားဖြစ်နေတဲ့ကျမဟာအဲဒီညမှာ တော်တော်နဲ့အိပ်လို့မပျော်ခဲ့ဘူး။ စာမေးပွဲဇောကြောင့်လား၊ မုန်းတိုင်းကြောင့်လား၊ တခုခုကြောင့်ဖြစ်မည်ထင်သည်။ ကုတင်ပေါ်မှာလူးရင်းလိမ့်ရင်း မနက် ၅ နာရီလောက်မှကျမအိပ်ပျော်သွားတယ်။ မနက်၇ နာရီလောက်မှာ အလိုလိုနိုးလာလို့ စိတ်ထဲအသိရောက်တဲ့ အချိန်မှာ ကျမလန့်သွားတယ်။ မနေ့ကထက် အဆပေါင်းများစွာ ပြင်းထန်နေတဲ့လေသံ၊ မှန်ကွဲသံ၊ ပစ္စည်းတွေပြုတ်ကျသံ၊ အလွန်အမင်းကျယ်လောင်စွာဝှေ့ရမ်းပြီးတိုက်နေတဲ့လေသံ၊ သွပ်တွေပြုတ်ကျသံ၊ သစ်ပင်တွေပြိုလဲသံ။ ဆူညံမှုပေါင်းများစွာနဲ့ ကမ္ဘာပျက်နေသလိုပါပဲ။
ဆက်ရန်..
No comments:
Post a Comment